အင်ဒိုနီးရှားနိုင်ငံမှ အန္တရာယ်အကြီးဆုံး မီးတောင်
Posted by naykhayan on Wednesday, February 29, 2012
ကမ္ဘာပေါ်တွင်
အန္တရာယ် အကြီးဆုံး မီးတောင်တစ်လုံးအဖြစ် တည်ရှိနေသည့်
အင်ဒိုနီးရှားနိုင်ငံမှ ကရာကာတိုဝါမီးတောင် တစ်ကျော့ပြန်လှုပ်ရှားပြီး
လိမ္မော်ရောင် မီးချော်ရည်များ စီးကျနေသည်ကို အဝေးမှ တွေ့မြင်ရပုံ။
မီးခိုးအူထွက်နေသည့်
ချိန်ကိုက်ဗုံးဟု တင်စားခေါ်ဝေါ်ကြသည့် အဆိုပါမီးတောင်သည် အမြင့်ပေ
(၁၂၀၀)ကျော်မြင့်ပြီး လွန်ခဲ့သော (၁၂၆)နှစ်ကကဲ့သို့ ကမ္ဘာတစ်ခုလုံး
တုန်လှုပ်ခြောက်ခြားစေလောက်သည့် ပေါက်ကွဲမှုကြီးမျိုး နောက်တစ်ကြိမ်
ဖြစ်လာမည်ကို ပညာရှင်များကစိုးရိမ်နေသည်။
ထိုမီးတောင်သည်
(၁၈၈၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ
မြို့ရွာ(၁၆၅)ခု ပျက်စီးပြီး လူပေါင်း(၃၆၀၀၀)ကျော် အသက်ဆုံးရှုံးကာ
မီးတောင်ပေါက်ကွဲမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုကို (၅)နှစ်မျှ
ကြုံတွေ့ခဲ့ရသည်။ ကျွမ်းကျင်သူများက ထိုစဉ်က ပေါက်ကွဲခဲ့သည့် ပြင်းအားသည်
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်တို့
ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် အဆ(၁၃၀၀၀)ထိ ပိုပြင်းကြောင်း
တွက်ချက်ဖော်ပြထားသည်။
ထိုမီးတောင်
ပေါက်ကွဲမှုကို ကရာကာတိုဝါကျွန်းနှင့် (၇)မိုင်အကွာမှ ဂျာမန်သင်္ဘော
အဲလိဇဘက်က တွေ့ရှိခဲ့ပြီး ချော်ရည်နှင့်ပြာများသည် ကောင်းကင်သို့
(၂)မိုင်မျှအထိ မြင့်မားစွာ ထိုးတက်သွားကြောင်း ကမ္ဘာသို့ အစီရင်ခံခဲ့သည်။
မီးတောင်ပေါက်ကွဲသည့် အသံကို မိုင်(၁၉၀၀)ဝေးသည့် ဩစတြေးလျနိုင်ငံ
ပါ့သ်မြို့နှင့် မိုင်ပေါင်း(၄၅၀၀)ကျော်ဝေးသည့် သီရိလင်္ကာနိုင်ငံ၊
ကိုလံဘိုမြို့တို့မှ ကြားခဲ့ရသည်။
ထိုမီးတောင်သည် မူလက (၂၆၆၇)ပေ မြင့်သော်လည်း မီးတောင်ပေါက်ကွဲစဉ် ပင်လယ်ရေမျက်နှာပြင်အောက်သို့ ပေပေါင်း(၈၂၀) ကျွံဝင်သွားခဲ့သည်။ မှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုကြောင့် ပေ(၁၃၀)မြင့်သည့် ဆူနာမီ ရေလှိုင်းကြီးများလည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။
http://www.planet.com.mmမှကူးယူးဖော်ပြခြင်းဖြစ်ပါသည်။ .................................................နေခရမ်း

