ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ နေစင်္ကြာဝဠာအတွင်းမှာ လှုပ်ရှားပြောင်းလဲမှု အများဆုံး ဂြိုလ်တစ်ခုရယ်လို့ ပြောလို့ရနိုင်အောင် တည်ငြိမ်မှုမရှိဘဲ အမြဲတမ်း ပြောင်းလဲနေတတ်ခဲ့ပါတယ်။ ထိုသို့ ပြောင်းလဲရခြင်းရဲ့ အကြောင်းတရားများမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက မီးတောင်၊ လေမုန်တိုင်း၊ ရာသီဥတု၊ နေ၊ စသော သဘာဝတရားများ၏ ပြုပြင်ပြောင်းလဲမှု၊ တိုက်စားမှုတို့ကြောင့် မြေမျက်နှာပြင်မှာ ပုံသဏ္ဍာန် ခဲ့ရပါတယ်။ ၄င်းဖြစ်စဉ်များထဲမှ အချို့သော ကျောက်တုံးကျောက်ဆောင်များဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ကြံ့ကြံ့ခံရင်း ထူးဆန်းအံ့သြဖွယ် ဟန်ချက်ညီနေသော အနေအထားအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့ ဟန်ချက်ညီ ကျောက်တုံးများအကြောင်း ဒီတစ်ပတ် ထူးထူးဆန်းဆန်း အကြောင်းအရာ အဖြစ် ဖော်ပြချင်ပါတယ်။

1. Balanced Rock Colorado


Balanced Rock Colorado

Amazing-Balanced-Stones_2__(theourworld.com)


ပထမဦးဆုံး ဖော်ပြမဲ့ ကျောက်တုံးက ကော်လိုရာဒိုပြည်နယ်ရှိ The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။ သေးငယ်တဲ့ အောက်ခံကျောက်တုံးပေါ်မှာ ဟန်ချက်ညီစွာ တည်ရှိနေတာမို့ မြေငလျှင်များသာ လှုပ်ခဲ့ရင် စိုးရိမ်ရမဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒီကျောက်တုံးရှိရာနေရာဟာ လမ်းမကြီးရဲ့ ဘေးနားမှာ ဖြစ်တဲ့အပြင် လှပတဲ့ သဘာဝရှုခင်းများ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခုထဲမှာ ပါသလို ၄င်းကျောက်တုံးကြီးဟာလည်း ဓာတ်ပုံအရိုက်ရဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။


2. Balancing Rock, Digby, Nova Scotia, Canada






ကနေဒါနိုင်ငံ Nova Scotia , Digbyက တံငါရွာလေးအနီးမှာ ရှိတဲ့ ဟန်ချက်ညီ ကျောက်တုံးကလည်း တမူထူးခြားပါတယ်။ ခဲတံချောင်းသဖွယ် ဒေါင်လိုက် ဖြစ်ပေါ်နေတဲ့ ၄င်း ကျောက်တုံး ဟာ ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ တစ်ဝက်ခန့်သာ တင်နေပြီး အခြားတစ်ဖက်က လေထဲမှာရောက်နေတာကြောင့်  ပြုတ်ကျတော့မည်ကဲ့သို့ အသည်းယားစဖွယ် ရှိနေတာ ဖြစ်ပါတယ်။ သို့သော်လည်း ခဲတံတစ်ချောင်းတော့ဖြင့် မဟုတ်ပါ။ တန်ချိန်များစွာ လေးလံလှသော ကျောက်တုံးကြီး တစ်တုံးသာဖြစ်ပြီး မည်သည့်အထောက်အပံ့မှ မရှိဘဲ သဘာဝဘေးရန်ကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်းများစွာ မတ်မတ်ရပ်တည် နေနိုင်ခဲ့တာဟာလည်း ထူးခြားဆန်းကြယ်လို့နေပါတယ်။

3. Idol Rock, Brimham Moor, North Yorkshire, UK




အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်ရဲ့ မြောက်ဖက် Brimham Moor ဒေသမှာ ဖြစ်ပေါ်တည်ရှိနေတဲ့ ကျောက်တုံးအကြောင်း ဆက်လက်ဖော်ပြရရင်  ပိရမစ်ပုံ အောက်ခံ ကျောက်သားခပ်ချွန်ချွန်သေးသေးပေါ်မှာ တန်၂၀မျှ လေးလံကြီးမားလှတဲ့ ကျောက်ဆောင်ကြီး ဟန်ချက်ညီညီ တည်ရှိနေပုံကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ပါတယ်။ ဒီလို ဆန်းကျယ်တဲ့ သဘာဝတရားကို တွေ့ရချိန်မှာ သင်ကိုယ်တိုင် အံ့သြမိမှာ သေချာလောက်အောင် ထူးခြား ဆန်းကျယ်လို့နေပါတယ်။

4. El Torcal de Antequera, Andalucia, Spain




most amazing rocks shape

ကျောက်တုံးမျှော်စင်လို့ ခေါ်ရလောက်အောင် အထပ်ထပ်သော ကျောက်သားတွေ တစ်ရစ်ပြီးတစ်ရစ် မြင့်တက်ကာ တည်ရှိနေတာ ဖြစ်ပါတယ်။ ၄င်းကဲ့သို့ ကျောက်သားများ အထပ်ထပ် မြင့်တက်နေခြင်းဟာ တစ်နေရာတည်းမှာ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ဘေးနားပတ်ဝန်းကျင်ရှိ ကျောက်သားများဟာလည်း ယခုကဲ့သလို့ပင်  စီကာရီကာ မြင့်တက်နေတာ ဖြစ်ပါတယ်။

5. Kjeragbolten, Norway


Kjeragbolten, Norway

မကြောက်ဖူးလား မသိး)

အလွန်ကြီးမားတဲ့ ကျောက်တောင်ကြီး ၂ခုကြားမှာ အကျယ်အ၀န်း ၅မီတာခန့် ရှိတဲ့ ကျောက်တုံးကြီးဟာ
 အောက်ကို ပြုတ်မကျဘဲ တည်ရှိနေတဲ့ ထူးထူးဆန်းဆန်း မြင်ကွင်းကိုလည်း နော်ဝေးနိုင်ငံမှာ တွေ့နိုင်ပါတယ်။ မြေပြင်ကနေ မီတာ တစ်ထောင်( ၃၂၈၀ပေခန့်) အမြင့်က ကျောက်ဆောင်ကြီး ၂ခုကြား ဟန်ချက်ညီညီ တည်ရှိနေတာ ဖြစ်ပါတယ်။ ၄င်း ကျောက်တုံးကြီးပေါ်မှာ မတ်တပ်ရပ်နိုင်သော်လည်း ရပ်နေစဉ်အတွင်းမှာတော့ အောက်က ချောက်ထဲကို ငုံ့မကြည့်မိဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် ကျောက်တောင်ကြီးအောက်က အသည်းယားဖွယ် နက်ရှိုင်းမှုကြီးက သင့်ကို အသည်းအူတုန်အောင် ထိတ်လန့်စေမှာ ဖြစ်ပါတယ်။

6. Peyro Clavado, Sidobre, France






ပြင်သစ်နိုင်ငံ Languedoc တွင်ရှိသော ပုံမှာ မြင်ရတဲ့ ကျောက်တုံးကြီးကို လက်သည်း ကျောက်တုံးကြီးလို့လည်း ခေါ်ဆိုကြပါတယ်။ ၄င်းကျောက်တုံးကြီးဟာလည်း အလွန်သေးငယ်တဲ့ အောက်ခံ ကျောက်တုံးငယ်လေးပေါ်မှာ ထူးထူးဆန်းဆန်း ရပ်တည်နေတာ ဖြစ်ပါတယ်။ တန်ချိန်ပေါင်း ၇၈၀တန် ရှိပြီး ဂရင်းနိုက် ကျောက်အမျိုးအစားဖြစ်တဲ့ ၄င်း ကျောက်တုံးရဲ့ သက်တမ်းဟာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာရှိပြီလို့ သိရပါတယ်။

7. Mushroom Rocks, Kansas, USA


Mushroom Rock State Park, Kansas

Mushroom Rock State Park


ကင်းဆပ်ပြည်နယ်တွင်ရှိသော မှိုပွင့် ကျောက်ဆောင်ကြီးဟာလည်း ကွင်းပြင်ကြီးအလယ်မှာ ထီးထီးကြီး တည်ရှိနေတာ ဖြစ်ပါတယ်။ မှိုပွင့်ကျောက်ဆောင်ဆိုတဲ့အတိုင်း မှိုပွင့် ပုံသဏ္ဍာန်ဖြစ်ပေါ်နေပြီးတော့ သဘာဝတရားရဲ့ထူးဆန်းစွာ ဖန်တီးချက်အဖြစ် ထင်ထင်ရှားရှားတွေ့မြင်ရတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။


8. Chiremba Balancing Rocks, Epworth, Zimbabwe


Chiremba Balancing Rocks, Epworth, Zimbabwe 1



ဇင်ဘာဘွေနိုင်ငံရဲ့ မိုးလေ၀သ ကျောက်တုံးကြီးဟာလည်း လေနဲ့ သဘာဝရာသီဥတုတို့ဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဟန်ချက်ညီ ကျောက်တုံးကြီးဖြစ်ပါတယ်။ ၄င်းကျောက်ဆောင်ဟာ ဇင်ဘာဘွေရဲ့ အထင်ကရ အမှတ်အသား တစ်ခုဖြစ်ပြီးတော့ နိုင်ငံရဲ့ ငွေကြေးပေါ်မှာပါ ၄င်းကျောက်တုံးပုံကို ရိုက်နှိပ်ထုတ်ဝေ သုံးစွဲကြတာ တွေ့ရပါတယ်။

 

9. Mexican Hat Rock, Utah, USA


Mexican Hat rock, outside of Mexican Hat, Utah


Mexican Hat Rock





ရုတ်တရက်ကြည့်ရင် မက္ကဆီကန် ဦးထုပ်နဲ့ ဆင်ဆင်တူတာမို့ Mexican Hat လို့ အမည်ပေးထားတဲ့ ၄င်း ကျောက်အောင်ဟာ ယူတားပြည်နယ်က Monument Velly မှာ တည်ရှိတာဖြစ်ပါတယ်။ အကျယ် ၆၀ပေခန့်ရှိပြီး ၁၂ပေခန့်ထူထဲတဲ့ အနီရောင်ကျောက်ဆောင်ကြီးဟာလည်း ကမ္ဘာပေါ်က ဟန်ချက်ညီ ကျောက်ဆောင်များ အုပ်စုမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သို့သော်လည်း ပညာရှင်များ ခန့်မှန်းကြတာက ၄င်းကျောက်တုံးကြီးဟာ အနှေးနဲ့ အမြန်ဆိုသလိုဘဲ သိပ်မကြာခင်မှာ ပြိုကျပျက်စီးနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့် ၄င်းကျောက်တုံးကြီး ပြိုကျ ပျက်စီးမသွားခင်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်ကြီးကို သွားရောက်ကြည့်ရှုထားသင့်တယ်လို့ အကြံပေးကြပါတယ်။
ref:ချော(အစိမ်းရောင်လွင်ပြင်)