ကျောက်တုံးတွေနဲ့ ဆောက်တဲ့ မြို့
Posted by naykhayan on Sunday, October 16, 2011
ပေါ်တူဂီနိုင်ငံက
စိတ်ဝင်စားဖွယ်ရာ Monsanto မြို့ကလေး အကြောင်း ပြောပြရင် Mansanto
မြို့ကလေးဟာ ထူးထူးဆန်းဆန်း နှစ်သက်စဖွယ်ကောင်းလှတဲ့ တောင်စောင်းပေါ်က
မြို့ငယ်ကလေးဖြစ်ပါတယ်။ ဘယ်လိုများလဲဆိုရင်ဖြင့် အဲဒီမြို့ကလေးကို
ရောက်သွားသူတိုင်းဟာ မြို့ကလေးရဲ့ ထူးခြားမှုကို သတိမပြုမိဘဲ မနေနိုင်အောင်
ရင်သပ်ရှုမော ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ မြို့ကလေးမှာရှိတဲ့ အိမ်တွေဟာ
သစ်တွေ၊ ဝါးတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ ကြီးမားလှတဲ့ ဂရင်းနိုက်
ကျောက်တုံး ကျောက်ဆောင်ကြီးတွေ ကြားထဲမှာ ဆောက်လုပ်ထားတာဖြစ်ပြီး
အချို့အိမ်တွေကတော့ ကျောက်တုံးကို ထွင်းဖောက်ပြီး ဆောက်လုပ်ထားတာဖြစ်ပြီး
တစ်ချို့ကတော့ ကျောက်တုံးအရွယ်တော်များနဲ့ တည်ဆောက်ထားကြပါတယ်။
မြို့ကလေးရဲ့ လမ်းတွေဟာဆိုရင်ဖြင့် ကျောက်တုံးတွေကြားထဲမှာ
ကွေ့ပတ်ဖောက်လုပ်ထားပြီး အချို့လမ်းတွေဆိုရင် ကျောက်တုံးကိုထွင်းပြီးမှ
ဖောက်လုပ်ထားတာဖြစ်ပါတယ်။





ကျောက်တုံးပေါ်က ကျောက်တုံးများနဲ့ဆောက်တဲ့အိမ်
Mansanto
မြို့ကလေးဟာ ရှေးကျပြီး ပေါ်တူဂီဆန်လွန်းတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ရှေးခေတ် ကတည်းက ပေါ်တူဂီလူမျိုးတွေဟာ ဒီဒေသက တောင်စောင်း
တစ်လျှောက်မှာရှိတဲ့ ကျောက်တုံးတွေကြားထဲမှာ အိမ်ခြေဆောက်လုပ်ပြီး အခြေချ
နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်မှာ Monsanto မြို့ကလေးကို
ပေါ်တူဂီအဆန်ဆုံး မြို့ကလေးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ထိုစဉ်ကတည်းက Monsanto
ရွာကလေးမှာ အဆောက်အဦးအသစ်တွေ ဆောက်လုပ်တာကို ကန့်သတ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဆယ်စုနှစ် များစွာကြာလာပေမဲ့ မြို့ငယ်ကလေးရဲ့ မြင်ကွင်းဟာ
ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဘဲ ရှေးခေတ်က ဆောက်လုပ်ခဲ့တဲ့
ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်အတိုင်း အိမ်ပုံစံတွေကသာ
များပြားစွာ ရှိနေခဲ့တာကြောင့်လည်း ရှေးခေတ်လက်ရာအတိုင်း
ထိမ်းသိမ်းထားနိုင်တဲ့ မြို့လို့ ဆိုနိုင်ပါတယ်။ အိမ်တွေကိုလည်း
အမိုးအနီရောင်များဆင်တူ သုတ်ထားကြပါတယ်.
ကျောက်တုံးကို အလယ်ကထားလို့ 


ကျောက်တုံး ၂တုံးကြားက အိမ်

၁၂ရာစုခေတ်လက်ရာ São Miguel Chapel


ဒီပိုစ့်ကို အစိမ်းရောင်လွင်ပြင် မှ တဆင့် တင်ပြပါသည်။



ကျောက်တုံး ၂တုံးကြားက အိမ်
မြို့ကလေးမှာရှိတဲ့
အိမ်တွေကို ရုတ်တရက်ကြည့်လိုက်ရင် ကျောက်တုံးကြီးတွေ ဖိညှပ်ခံထားရသလို
မြင်တွေ့ရပါတယ်။ အချို့တော့ ဒီမြို့ကလေးဟာ ဆင်းဒဝစ်နဲ့ တူတယ်လို့
ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်မုန့်နှစ်ခုကြားမှာ အသားညှပ်ထားသလို၊
ဒီမြို့ကလေးက အိမ်တွေကလည်း ကျာက်တုံးတွေကြားထဲမှာ ကပ်ကပ်သပ်သပ်
ညှပ်ပိတ်ပြီး တည်ဆောက်ထားတာမို့ပါ။ စပိန်မြို့လေးဖြစ်တဲ့ Salamanca ကနေ ၁၆၀
ကီလိုမီတာ ကွာဝေးပြီး ရွာကလေးဆီကိုတော့ လွယ်လွယ်ကူကူနဲ့
သွားရောက်နိုင်ဖို့ ခဲယဉ်းပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပေမဲ့လည်း
ကျောက်တုံးကြီးတွေ ပေါများလှတဲ့ တောင်စောင်းပေါ်မှာ တည်ထားတဲ့ ရွာကလေးရဲ့
ရှုခင်းနဲ့ ရင်သပ်အံ့သြဖွယ်ရာ မြင်ကွင်းတို့ကို မြင်လိုက်ရတယ်ဆိုရင်ဘဲ
ခက်ခက်ခဲခဲ သွားရောက်ရပေမဲ့လည်း ပင်ပန်းရကျိုးနပ်တယ်လို့ ဆိုရလောက်အောင်
တွေ့မြင်ရခဲတဲ့ အိမ်ကလေးများနဲ့ရွာကလေးကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။
ပြီးတော့လည်း Monsanto မြို့ကလေးက ဒေသခံတွေဟာ ခင်မင်ရင်းနှီးတတ်သူများ
ဖြစ်ကြပြီး အလွန်သဘောထားပြည့်ဝကာ ဆက်ဆံရေးကောင်းသူများ ဖြစ်ကြတယ်လို့
ရောက်ဖူးသူများက ဆိုပါတယ်။
Church of St. Miguel

၁၂ရာစုခေတ်လက်ရာ São Miguel Chapel


Monsanto Castle
မြို့ကလေးရဲ့
လမ်းတွေဟာ ကျောက်တုံးတွေကြား ဖောက်လုပ်ရတာဖြစ်လို့
ကျဉ်းမြောင်းလွန်းလှပြီး မြည်းတစ်ကောင်စာ ဖြတ်သန်းနိုင်ရုံလောက်သာ
အကျယ်ရှိတဲ့ လမ်းတွေလည်း ရှိနေခဲ့ပါတယ်။ တောင်ထိပ်ပေါ်အထိ ဖောက်လုပ်ထားတဲ့
လမ်းမဟာ လှေကားထစ်ပေါင်း များစွာနဲ့အတူ ပေလေးရာခန့်အထိ တောက်လျောက်
အတက်လမ်း ဖြစ်ပါတယ်။ အချို့အိမ်တွေက ကျောက်တုံးကြီးတွေနဲ့
ဆောက်တာမဟုတ်ပေမဲ့ ကျောက်ပြား၊ ကျောက်တုံးငယ်များနဲ့ တည်ဆောက်ထားပြီး
ရွာလမ်းတစ်လျှောက်ကိုလည်း ကျောက်ပြားများ သပ်ရပ်စွာ ခင်းထားပါတယ်။ ရွာရဲ့
တောင်ထိပ်ပေါ်မှာတော့ ပျက်စီး ယိုယွင်းနေပြီဖြစ်တဲ့ ရှေးဟောင်း ရဲတိုက်ကြီး
ရှိနေပါတယ်။ ကျောက်တုံးတွေကြားမှာ တည်ထားတဲ့မြို့ဖြစ်တဲ့အပြင်
ရှေးခေတ်လက်ရာ အဆောက်အဦးများ၊ ရှေးကျတဲ့ ကျောက်တုံးတည်ဆောက်ခြင်း အတတ်ပညာ
လက်ရာများစွာ ရှိနေတဲ့ မြို့ကလေး ဖြစ်တာကြောင့်လည်း Monsanto မြို့ကလေးကို
သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း
အခြားသော မြို့များနဲ့မတူ ထူးခြားတဲ့လက်ရာ ဒီဇိုင်းတွေနဲ့
ကျောက်တုံးတွေကြားက ရှေးခေတ်ပေါ်တူဂီမြို့ကလေးဟာ
စိတ်ဝင်စားဖွယ်နေရာတစ်ခုလည်း ဖြစ်ပါတော့တယ်
ဒီပိုစ့်ကို အစိမ်းရောင်လွင်ပြင် မှ တဆင့် တင်ပြပါသည်။
