တနင်္လာဂြိုဟ်ဟုခေါ်သည့် လမင်းနှင့် ကြာသပတေးဂြိုဟ်တို့ ပူးယှဉ်မှုကို ကျိုက်ထီးရိုးတောင်ပေါ်မှ မြင်တွေ့ရမည့် ဖြစ်စဉ်လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း နက္ခတ်ပညာရှင် အသိုင်းအဝိုင်းမှ သိရှိရပါသည်။

အဆိုပါဖြစ်စဉ်သည် အရှေ့ လောင်ဂျီတွဒ် ၈၀ ဒီဂရီ ၄၁ မိနစ်နှင့် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၂၀ မိနစ် အတွင်းတွင် အိန္ဒိယနိုင်ငံရှိ ဟာဒီရာဗတ်မြို့၌ ဖြစ်ပေါ်မည်ဖြစ်ပြီး ယင်းသို့ပူးယှဉ်မှုမဖြစ်ခင် နီးနီးကပ်ကပ် ရပ်တည်၍ မြန်မာနိုင်ငံမှ ဖြတ်သန်းသွားမည့် ဖြစ်စဉ်လည်းဖြစ်ပေါ်မည် ဖြစ်သည်၊၊ ထိုသို့ဖြစ်ပေါ်ရာတွင် တနင်္လာဂြိုဟ်ဟုခေါ်သော လမင်းသည် ကျိုက်ထီးရိုးတောင်ပေါ်သို့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ သုံးဆယ်မြို့သို့နံနက် ၁ နာရီ ၃ မိနစ်တွင် လည်းကောင်း၊ ဟင်္သာတမြို့သို့ နံနက် ၁ နာရီ ၇ မိနစ်တွင် လည်းကောင်း ဖြတ်သန်းသွားမည်ဖြစ်ပြီး ယင်းဂြိုဟ် နှစ်လုံးထပ်တူ ပူးယှဉ်မှုမှာမူ နံနက် ၁ နာရီ ၅၅ မိနစ်၌ ဖြစ်ပေါ်မည် ဖြစ်သည်။

“ဒီဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံမှာ ငလျင်ဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်း ဒေသတွေကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ တနင်္လာနဲ့ ကြာသပတေး သားသမီးတွေကတော့ ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး ၁၀ ရက်အတွင်းမှာ စီးပွားကံကောင်းတာတို့၊ ထီပေါက်သလို ငွေကြေးအမြောက်အမြား ရရှိတာမျိုးတွေ ကြုံနိုင်ပါတယ်” ဟု နိုင်ငံတကာရေးရာနက္ခတ် သိပ္ပံသင်တန်းကျောင်းမှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို က ပြောပါသည်။

မြန်မာနိုင်ငံမှကြည့်ရှုမည် ဆိုပါက အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီခန့်မှစတင်ပြီး အရှေ့ဘက် မိုးကောင်းကင်၌ လ၏အောက်နားတွင် ကြာသပတေးဂြိုဟ်ကို တောက်ပသည့် ကြယ်ပွင့်သဏ္ဌာန် မြင်တွေ့ရမည်ဖြစ်သည်။ လ၏အလင်းအားသည် ၉၇ ရာခိုင်နှုန်း ထွန်းလင်းတောက်ပသည့် အတွက် အားကောင်းသည့် ဂြိုဟ်ပူးဖြစ်စဉ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။

Ref: Bi Weekly Eleven