အသက်အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ
Posted by naykhayan on Wednesday, May 30, 2012

စတီဗင် ဟော့ကင်းဆိုရင် Black Hole တွေ၊ ခေတ်သစ်အာကာသရဲ့ နယ်ပယ်သစ်ကို စူးစမ်းလေ့လာတဲ့ ရှေ့ဆောင်ပညာရှင်၊ နယူတန်၊ အိုင်းစတိုင်းတို့နောက်ပိုင်းမှာ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်လို့ အများက သိကြပါတယ်။ အမ်မလီ ရိုဂျာဆိုတဲ့ သူငယ်မကလေးကတော့ အိုင်ကျူ IQ 159 ရှိလို့ စတီဖင် ဟော့ကင်းအောက် တစ်မှတ်ပဲ လျှော့ပါသတဲ့။ ဒါပေမယ့် အင်္ဂလန်နိုင်ငံသူ သူမရဲ့ အသက်ကတော့ ခုမှ ၄နှစ်ပဲရှိပါသေးတယ်။ သူမဟာ အသက် ၂ နှစ်နဲ့ ၁၁ လ အရွယ်မှာပဲ အမေရိကန်ရဲ့ U.S. member of the high-IQ society Mensa အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး Mensa မှာတော့ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ စာတွေရေးဖို့၊ ဖတ်ဖို့၊ ဂဏန်းတွေကို ရေတွက်ဖို့ စိတ်ဝင်စားသလို Black Holes (တွင်းနက်)တွေအကြောင်း၊ စနေဂြိုလ် ရဲ့ အပြင်ကို ၀န်းရံနေတဲ့ ဂြိုလ်ရံကွင်းကြီးတွေအကြောင်း၊ ကြာသာပတေးဂြိုလ်ရဲ့ အကြောင်းတွေကို လေ့လာရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါပဲတဲ့။ သူမဟာ ဆဲလ်တွေ ကွဲထွက်တဲ့ “mitosis” ဆိုတဲ့ အသုံအနှုန်းကိုလဲ သိရှိနားလည်ပြီးတော့ ဘာကြောင့် ဘောက်ဖတ်တွေဟာ လိပ်ပြာအဖြစ်အသွင်ပြောင်းတယ်ဆိုတဲ့ “metamorphosis” အကြောင်းကိုလဲ သိရှိနေပြီ ဖြစ်ပါသတဲ့။ သူမဟာ အသက် ၁၅ လအရွယ်မှ စကားလုံးတွေကို မှတ်မိလာပြီး ၂ နှစ်မပြည့်ခင်မှာ အဆိုပါ စကားလုံးတွေကို ချရေးတတ်နေပါပြီ။ သူမရဲ့ မွေးနေ့ ၂ နှစ်ကျော်မှတော့ သူမရဲ့ နာမည်ကို စာလုံးပေါင်းတတ်နေပြီဖြစ်သလို ၁ ကနေ ၁၀၀ အထိလဲ ရေတွက်တတ်နေပါပြီ။

နောက်တစ်ယောက်ကတော့ အန်တိုနီ ပိုပါဆိုတဲ့ ကောင်လေးပါ။ အသက် ၂ နှစ်အရွယ်မှာ IQ 154 ရှိပါသတဲ့။ သူလဲ Mensa အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ရှိနေပါတယ်။ ဒီကလေးငယ်ကတော့ A to Z ကို အတည့်ရော ဇောက်ထိုးရော စီနိုင်သလို၊ ၁၀၀၀ အထိ ရေတွက်နိုင်ပါသတဲ့။ သူဟာ နေမိသားစုအဖွဲ့အစည်းက ဂြိုလ်တွေရဲ့ စာရင်းကိုလဲ ရေတွက်နိုင်ပြီး တစ်ပတ်အတွင်းမှာရှိတဲ့ နေ့တွေ၊ တစ်နှစ်အတွင်းမှာ ရှိတဲ့ လတွေ၊ ရာသီတွေကိုလည်း မှန်ကန်စွာ ပြောနေနိုင်ပြီဖြစ်ပါတယ်။ ဒီသူငယ်ကတော့ ဘာသာစကား ၃ခု၊ အင်္ဂလိပ်၊ စပိန် နဲ့ ရိုမေးနီယား ဘာသာစကားတွေကို ပြောဆိုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါမှ မဖတ်ဖူးတဲ့ စာအုပ်တွေထဲက စာကြောင်းတွေကို ဖတ်နိုင်ပြီး သဒ္ဒါနည်းကျကျ စာတွေလည်း ရေးတတ်နေပြီဖြစ်ပါသတဲ့။ အောက်ပါတော့ အဆိုပါ ဥာဏ်ကြီးရှင်လေးတွေရဲ့ YouTube ဗီဒီယိုလေးတွေကို ရှု့စားကြပါ။ သို့ပေမယ့် တစ်ခုရှိတာက IQ မြင့်တိုင်းလည်း ထွန်းပေါက်မယ်လို့ တစ်ထစ်ချပြောလို့မရသေးပါဘူး။ ပတ်ဝန်းကျင်၊ လူမှု့ဘ၀၊ ပညာရေး၊ အထုံ စတာ စတာတွေ ပေါင်းစပ်လေတော့မှ အောင်မြင်တယ်ဆိုလေတော့ ဥာဏ်ကြီးရှင်လေးတွေ အနာဂါတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရှု့ကြပါစို့….
